Monday 11 July 2011

ရပ်ဝေးသို့ ထွက်၍ ပညာရှာမှီးခြင်း

    ပေါ်ထွန်းအောင် ရှင်အဖြစ်သို့ရောက်ပြီးနောက် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တို့ကို လေ့လာသင်ကြားနေရာမှ နက်နဲကျယ်ပြန်သော ပိဋိကတ်တို့ကို သင်အံလေ့ကျက်ရာ ပါဋ္ဌိတက္ကသိုလ်ကြီးတစ်ဆူကဲ့သို နာမည်ကျော်ကြားသည့် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်ကြီး၏အကြောင်းကို သတင်းကြားရသဖြင့် ထိုတိုက်သို့သွားလိုရကား ရှင်ဦးဥတ္တမသည် စစ်တွေမှမအူပင်သို့ ကြွာလာသော ဘုန်းတော်ကြီး ဒါးကောင်းဆရာတော်ဦးဂန္ဓမာထံ ချဉ်းကပ်၍ လူဝတ်လဲကာ လိုက်ပါလာခဲ့သည်။


    လူဝတ်နှင့်လိုက်ပါလာခဲ့ရာ မအူပင်သို့ရောက်သည်။ မအူပင်မှတဆင့် ရန်ကုန်၊ ရန်ကုန်မှ တောင်ငူမြို့သို့ရောက်သွား၏။


  တောင်ငူမြို၌ ရက်အတော်ကြာညောင်းသဖြင့် တောင်ငူတွင် ရှင်သာမဏေ စာပြန်ပွဲဝင်ဖြေရာ ပထမရ၏။


ပထမရသောသတင်းကြောင့်လူချစ်လူခင်များလာရာမှ တောင်ငူမြို့ ကျွန်းကုန်းရပ်ကွပ်တွင် ပစ္စည်းပြည့်ဝသောရှမ်းအမျိုးသမီးကြီးတစ်ဦးက သားယောင်္ကျားအဖြစ် မွေးစားပါရစေဟု ဘုန်းကြီးထံ ရှင်ဥတ္တမကိုတောင်းရာ ရှင်ဥတ္တမက “ကျွန်တော့်ကို သားအဖြစ်မွေးစားလိုက ကာလကတ္တားကို ပညာသင်ဖို့ လွတ်မလား” ဟု မေးလေ၏ ရှမ်းမကြီးက လွတ်ပါမည်ဟု သဘောတူ၏။


ပညာတတ် သားယောင်္ကျားလိုချင်သော ထိုရှမ်းမကြီး၏ ထောက်ပံ့သောငွေဖြင့် ၁၇-နှစ်သားကျော်ကျော်တွင် လူအဖြစ်နှင့် ကာလကတ္တားသို့ ရောက်သွားရာ ကာလကတ္တားသို့ ရောက်၍ အင်္ဂလိပ်စာသင်ကြားနေပြီဟု စသည့်မှပင် စစ်တွေမှ မိဘများ သိရလေသည်။ အသက် ၁၇-နှစ်၊ ၁၈-နှစ်၊ ၁၉-နှစ်တွင် အင်္ဂလိပ်ပညာ ၁၀-တန်းစာပေးပွဲကို အလွတ်ပညာသင်အဖြစ်နှင့် ဖြေဆိုနိုင်ခဲ့သည်။


ထိုနှစ်တွင်ပင် ကာလကတ္တားမှ ပြန်လာပြီးနောက် ပခုက္ကူမြို့သို့ သွား၍ ရေစကြိုတိုက်တွင် ရှင်ဝတ်နှင့် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ဆက်လက်သင်ကြားပြန်၏။


ထိုသို့သင်ကြားနေစဉ်ပင် ပခုက္ကူတွင်နေသော ဘုံဘယ်ဘားမားကိုယ်စားလှယ် ဦးထွန်းအောင်ကျော် (စစ်တွေတွင်နေစဉ်က သိဟောင်းကျွမ်းဟောင်း ဆွေတစမျိုးတစတော်သူ) က ပဉ္ဇင်းဒါယကာပြုလျက် အသက် ၁၉-နှစ် ၂-လစွန်းတွင် ရဟန်းခံသည်။



    ဤသို့ပထမအဆင့် အောင်မြင်ခြင်းသည် ကံရှိ၍ ကြေးရေတတ်နှင့် တွေ့ပြီး အခွင့်သာသွားသည်ဟု မဆိုသာ။ သူကိုယ်တိုင်က မရမနေဟူသောကြိုးစားသည့် မလျှော့သော လုလ္လ၀ိရိယကို အကြောင်းပြု၍ အောင်မြင်ခြင်းဟု ဆိုရပေသည်။






          
                                              နိုင်ငံခြားသို့ ပြန်ကြွခြင်း
      
ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တို့၌ လေ့လာတတ်ကျွမ်းပြီးသည့် တိုင်အောင် အရှင်ဥတ္တမအား မိမိ၏ လောကုတ်တရာ အကျိုးကိစ္စပြီးစီးရုံ ကိစ္စတခုကိုသာ အာသိသဘောထားလျှက် သမထပိဿနာလမ်းစဉ်ကို လိုက်စားခြင်းအမှုဖြင့် မနေသေးဘဲ မိမိတတ်သကဲ့သို အခြားသူကိုလည်း တတ်အောင် ကျေးဇူးပြုလိုသော စိတ်ဓါတ်ရှိလေရာ ဗုဒ္ဓဘာသာမဟုတ်သော အခြားဘသာဝင်တို့ သို့ဖြန့်ဖြူးလိုသော အာသိသပြင်းပြလျက်ရှိပြန်၏။
                  အရှင်ဥတ္တမသည် ပခုက္ကူမှနေ၍တဖန် ကာလကတ္တားသို့ ရဟန်းဝတ်နှင့်သွားပြန်သည်။ 
ကာလကတ္တားသို့ ရောက်သောအချိန်တွင် အိန္ဒိယနိုင်ငံရေးမှာ တမျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားသည့်အခိုက်အတန့်နှင့် ကြုံကြိုက်နေ၏။ 
ယင်းသို့ကြုံကြိုက်ခြင်းသည်ပင်လျင် ဦးဥတ္တမအား နိုင်ငံရေး၌ စွန့်စားချက်သောစိတ်ဓာတ်ကို သွင်းပေးလိုက်လေသည်။